Saturday, August 8, 2009

ပြည်ပခရီး

နိုင်ငံခြားကို မသွားခင် ကျနော် ဘယ်လို အစိုးရဝန်းထမ်း ဖြစ်လာတယ် ဆိုတာလေး စပြောချင်ပါတယ်။
ကျနော်က စိုက်ပျိုးရေးတက္ကသိုလ်ကို ၁၉၈၅ ခုနှစ်မှာ စတက်ခဲ့ပါတယ်၊ ဝါသနာပါလို့တော့ မဟုတ်ပါဘူး အဲဒီခေတ်က ၁၀ တန်း စာမေးပွဲ ရမှတ် အရ စိုက်ပျိုးရေးတက္ကသိုလ်ပဲ တက်ခွင့်ရခဲ့လို့ပါ။ အဲဒီလိုတက်ရင်းနဲ့ ပဲ အကြောင်းအမျိုးမျိုးနဲ့ ၁၉၉၃ မှာ ဘီအေဂျီ (B.Ag)ဆိုတဲ့ ဘွဲ့လက်မှတ် ရခဲ့ပါတယ်။ မှတ်မှတ်ရရ ဘီအေဂျီ နောက်ဆုံးအသုတ်ပါ။ ကျနော် နောက်နှစ်မှာ အောင်တဲ့သူတွေက ဘီအေဂျီအာ အက်စီ (B.Agr.SC)ဆိုတဲ့ ဘွဲ့ ချီးမြှင့် ခံကြရပါတယ်။
ကျောင်းပြီးသွားပြီး ယောင်ချာချာနဲ့ မိဘဆီက ပိုက်ဆံလက်ဖြန့်တောင်းပြီး လက်ဖက်ရည်ဆိုင်ထိုင် အချိန်ဖြုန်းကောင်းနေတုန်း စိုက်ပျိုးရေးဌာနက စာတစ်စောင် စာတိုက်ကတစ်ဆင့် ရောက်လာပါတယ်။
စာထဲ ပါတဲ့ အကြောင်းအရာကတော့ အောက်ဖော်ပြပါ အလုပ်လျောက်ထားသူများကို လူတွေ့စစ်ဆေးရန် ရန်ကုန်မြို့(စိုက်ပျိုးရေး ရုံးချုပ်) သို့ လာရောက်သတင်းပို့ရန် ဘာညာပေါ့။ ကျနော်လဲ အံ့သြခြင်းများစွာနဲ့ (လျောက်လွှာ ဘယ်ကိုမှမတင်ဘူးလို့) ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ မြို့တော်ရန်ကုန်ကို အမြန်ရထားနဲ့ ချီတက်သွားပါတယ်။
ဒီလိုနဲ့ အင်တာဗျုးဆိုတာကို ဝင်ဖြေပြီး အလုပ်ခန့်လိုက်ပါတယ်။ အဲဒီမှာ ကြားဖြတ်ပြောချင်တာတစ်ခုက အင်တာဗျုးစာရင်းမှာ မပါတဲ့ သူတစ်ယောက် ထပ်တိုးပြီးပါလာပါတယ်၊ သူမက စာရင်းရဲ့ နောက်ဆုံးနေရာ ရဲ့ ရှေ့နားလေးက ပါလာတာပါ။ အဲဒီမှာ တကယ်အင်တာဗျုး ဝင်ခဲ့တဲ့ အမျိုးသမီး တစ်ယောက် က မခံမရပ်နိုင် ဖြစ်ပြီး နောက်ပိုင်းမှာ ဌာန ပြောင်းရွှေ့သွားပါတယ်။ အခုအချိန်မှာ အားလုံးက သက်ရှိထင်ရှားရှိနေကြတာမို့ နာမည်တွေကိုတော့ ချန်ထားခဲ့ပါရစေ။(အားလုံးက သူငယ်ချင်းတွေချည်းပါပဲ ဘယ်သူသာတယ် ဘယ်သူနာတယ် ပြောစရာမရှိပါဘူး၊ ဌာနပြောင်းသွားတဲ့ သူငယ်ချင်းက အခုအချိန်မှာ လ/ထ ညွှန်ကြားရေးမှုး ရာထူးမျိုးနဲ့ နိုင်ငံရပ်ခြားမှာ ပါရဂူဘွဲ့ သင်တန်းတက်နေပါတယ်။ သူငယ်ချင်းရဲ့ မှန်တာကို သင့်တော်သလို တုန့်ပြန်မှု အတွက် ချီးကျုးပါရစေ)
ဒီလိုနဲ့ပဲ မအူမလည် ကျေးရွာအုပ်စု၊မန်နေဂျာ ဆိုတဲ့ လက်ထောက်ကြီးကြပ်ရေးမှုး ရာထူးနဲ့ စိုက်ပျိုးရေး ဌာနမှာ စတင် အမှုထမ်းခဲ့ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းက မြို့ကြီးတစ်မြို့ အနီး မိုင် ၃၀ လောက်က ရွာတစ်ရွာမှာ ပထမဆုံး စတင် သတင်းပို့ပြီး ဝန်ထမ်းဘဝ စပါတော့တယ်။
ဝန်းထမ်းဘဝ စပြီး သိပ်မကြာ(တစ်နှစ်ခန့်)ခင်မှာပဲ၊ အပူပိုင်းဒေသ ဟင်းသီးဟင်းရွက် ထုတ်လုပ်ရေးသင်တန်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒုတိယ အကြိမ်မြောက်သင်တန်းသား ပို့ခြင်းအစီအစဉ်မှာ ကျနော် ပါခဲ့ပါတယ်။ ပထမ အကြိမ်က ၁၅ ဦးပါ၊ ဒုတိယ အကြိမ်မှာကျတော့ စုစုပေါင်း ၄၀ ပါ။ ကျနော်က ၄၀ ထဲမှာ တစ်ယောက်ပါ။
အဲဒီသင်တန်းရဲ့ ဇာတ်လမ်းအစကတော့ အလုပ်သမားရုံး(ကျနော်တို့ ဘွဲ့ရ အလုပ်လက်မဲ့ တွေ အလုပ်သမားမှတ်ပုံတင်ရတဲ့ ရုံး) က အရာရှိများက ၁၉၉၀ ခုနှစ်များ အတွင်းမှာ အစ္စရေးနိုင်ငံ အာရာဗာဒေသဖွံ့ဖြိုးရေး co.ltd., နဲ့ သဘောတူထားတဲ့ မြန်မာနိုင်ငံကနေ လုပ်သားတင်ပို့ဘို့ ကိစ္စကို ကျနော်တို့ ဌာနက တာဝန် ဝင်ယူပေးလိုက်တာပါ။
အစ္စရေးနိုင်ငံ လုပ်သားတွေက ဒေသအလိုက်ခွဲပြီးခိုင်းပါတယ်၊ ဥပမာ တောင်အာဖရိက နိုင်ငံတွေက လူတွေကို ဆောက်လုပ်ရေးလုပ်ငန်း၊ အာရှက လူတွေကို စိုက်ပျိုးရေးလုပ်ငန်း များမှာ နေရာချ ခိုင်းစေပါတယ်။
နောက်ဆက်တွဲ အနေနဲ့ရလဒ်ကတော့ ကျနော်တို့ရဲ့ နိုင်ငံကူးလက်မှတ်မှာ ပညာတော်သင်(state scholar) ဆိုပြီး အစ္စရေးကို အလုပ်သွားလုပ်ခွင့်ဆိုတဲ့ အခွင့်အရေး ရခဲ့ပါတယ်။

No comments:

Post a Comment