Showing posts with label Experience. Show all posts
Showing posts with label Experience. Show all posts

Sunday, August 30, 2009

ဘန်ကောက်လေဆိပ်မှာ။

အစ္စရေးကို အလုပ်ခွင်သင်တန်းဆိုတာ ကို သွားခွင့်ရဘို့ အင်တာဗျုးတာ သင်တန်းတက်ရတာ ဘာညာတွေ ကို ကျော်ပြီး ခရီးသွားရတဲ့ အတွေ့အကြုံလေးပဲ ရေးချင်ပါတယ်။
လေယာဉ်လက်မှတ်က ပုဂ္ဂလိက အကျိုးဆောင်နဲ့ ဝယ်ပေးထားတော့ အစ္စရေးနိုင်ငံ တဲလဲအဗစ်မြို့က ဘန်ဂူးရီးရမ်း လေဆိပ် က ကျွန်တော်တို့ရဲ့ ခရီးဆုံးပါ။
မြန်မာနိုင်ငံ မင်္ဂလာဒုံလေဆိပ်က နေ မြန်မာ အဲယားဝေးအင်တာနေရှင်နယ် လေကြောင်းနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်က ဒုံမောင်းလေဆိပ်မှာ ဆင်းသက်ပြီး အဲဒီကမှ တစ်ဆင့် အယ်လအစ္စရေး လေကြောင်း ပြောင်းစီးရမှာပါ။
မြန်မာ လေကြောင်းလိုင်းဘက်က ပြသနာလေးက အလေးချိန် ၂၅ ကီလိုပဲ သယ်ခွင့်ရပါတယ်၊ ပြည်ပလေကြောင်းလိုင်းတွေကတော့ ၃၀ ကီလိုသယ်ခွင့်ရပါတယ်။
ဘုန်းပြည့်စုံတို့ အုပ်စုက အထုပ်အပိုးတွေကို (check in through) လေကြောင်းကို တန်းအပ်ထားတာပါ။ ဒါပေမဲ့ အစ္စရေး လေကြောင်းက သူတို့ လေယာဉ်ပေါ် တင်ခါနီးမှာ ထပ်စစ်ပါတယ်။
အဲဒီမှာ မေးခွန်းလေးတွေ မေးကြဖြေကြ ရပါတယ်။ အင်္ဂလိပ်စာ အဆင့်အတန်းက စ စကားပြောပါတယ်။ ဥပမာ သူတို့ လုံခြုံရေးဝန်ထမ်းက မင်းအလုပ်က ဘာလဲ လို့ မေးပါတယ်၊ လက်ထောက်ကြီးကြပ်ရေးမှုး (assistant supervisor) လို့ ပြောတော့၊ ထပ်ပြီး ဘယ်ကိစ္စမှာ ကြီးကြပ်တာလဲ (which field)ဆိုတော့ ခက်ကုန်ပါရော။
စိုက်ပျိုးရေးလုပ်ငန်း ဆိုရင် လဲ အဆင်ပြေမှာပါ။
နောက်တစ်ခု က အုပ်စု လိုက်သွားတာဆိုပေမဲ့ ကျနော် ဘုန်းပြည့်စုံက ရန်ကုန် ကိုတောင် နေရာအနှံ ရောက်ဘူးတာ မဟုတ်။ ဘန်ကောက်လေဆိပ်မှာ စကပ်တို ဝန်ထမ်းမလေးတွေကို ငေးမောနေတော့ အုပ်စုကွဲကျန်ရစ်ပါတယ်။ ကိုယ့်ဘာသာ အုပ်စုကွဲကျန်ရစ်မှန်းမသိပါဘူး ဘယ်ရောက်ကုန်ကျသလဲပေါ့။ နောက်ပြီးထပ်စီးရမဲ့ လေယာဉ်အချိန်က လိုသေးတယ်လေ။ ဒါနဲ့ လေဆိပ်ထဲ ဟိုကြည့်ဒီကြည့်လုပ်နေတော့ လေကြောင်းလိုင်းတစ်ခု က ဥရောပသူ အမျိုးသမီးကြီးတစ်ယောက်က ကျနော့ကို သူ့ဆီလာဘို့ ဇွတ်လှမ်းခေါ်နေပါတယ်။ သူက ကူညီချင်တာပါ၊ ကျနော့ လေယာဉ်လက်မှတ်တောင်းကြည့်ပါတယ်။ ပြီးတော့ ကွန်ပျုတာမှာ စစ်ကြည့်ပြီး မင်းသွားမဲ့ခရီးက ဘယ်မြို့၊ ဘယ်ကနေလာတယ်၊ အဲဒီတော့ ဘယ်အခန်းမှာ သွားပြီးနားနေနိုင်ပါတယ်။ ပြီးတော့ ဘယ်အပေါက် (tunnel) ကနေ ဘယ်အချိန်မှာ စီးရမယ် ဆိုတာ ပြောပြလိုက်ပါတယ်။ ပြီးလွဲနေမှာစိုးလို့ ကျနော့ လက်ပတ်နာရီကိုလဲ ဒေသစံတော်ချိန်နဲ့ ကိုက်မကိုက် စစ်ပေးပါသေးတယ်။ (ကျေးဇူးတင်ပါတယ် အန်တီ။ ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်)
သူ့ရဲ့ လမ်းညွှန်ချက်အတိုင်း ရွှေ့လျားလှေကား (escalator) နဲ့ တက်သွားလိုက်တော့မှ ကျန်သူငယ်ချင်းအချို့ကို တွေ့ပါတယ်။ မိန်းကလေး သူငယ်ချင်းများကတော့ မတွေ့မိသေးပါဘူး။ တကယ်ကျ သူတို့က အနီးမှာ ရှိတဲ့ ရေအိမ် မှာ အဝတ်အစား လဲနေကြတာပါ။ (မိန်ကလေးတွေက observation ကောင်းတာလား information ကောင်းတာလားတော့မသိဘူး အဲဒီမှာ အဝတ်လဲ နိုင်တယ် ဆိုတာကြိုသိထားပုံရတယ်)
အချိန်ကလဲ ၆ နာရီလောက် ရတော့ ဘာရမလဲ လေဆိပ်ထဲ လျောက်ကြည့်တာပေါ့။ အဲဒီကျမှ လမ်းလျောက်ရ သက်သာအောင် လုပ်ပေးထားတဲ့ (side walk) ပြင်ညီအတိုင်းရွှေ့တဲ့ စက်ခါးပတ် စီးကြည့်ဘူးတာ။
အဲသလိုလျောက်သွားနေတုန်း ကျနော်တို့ စီးခဲ့တဲ့ မြန်မာလေယာဉ်ကို စီးမဲ့ ခရီးသည်တစ်ယောက် (မိန်းမငယ်လေးပါ) မျက်နှာငယ်လေးနဲ့ လမ်းပျောက်နေလို့ ကူညီပြီးလမ်းပြပေးလိုက်ပါသေးတယ်။ သူ့နာမည်က စပီကာနဲ့ ခေါ်နေပါပြီ ဘယ်လမ်းကိုသွားရမယ်၊ ဘယ် အပေါက်က ထွက်ပြီးလေယာဉ်ဆီချီတက်ရမယ်မသိတာပါ၊ မှတ်မှတ်ရရ tunnel ၃၁ ပါ။ သူလေးလဲ အပြေးသွားလိုက်တာ လေကြောင်းလိုင်းတစ်ခုက လက်ဆောင်ပေးထားတဲ့ သစ်ခွပန်းတွေဘာတွေ ပြုတ်ကျကျန်ရစ်ပါတယ်။ လွမ်းစရာတော့ မကျန်ရစ်ပါဘူး။
စိတ်ထဲ တော့ အမှတ်တရ ပေါ့။
ဒီလိုနဲ့ ညနေ အယ်လအစ္စရေးလေယာဉ်ပေါ် ရောက်တော့၊ အားပါး လေယာဉ်က အကြီးကြီးပဲကို အမျိုးအစားတော့ မမှတ်မိပါဘူး။ ပျံသန်းချိန် ၁၁ နာရီကြာမယ်၊ မောင်းသူတွေက ဘယ်သူပါ။ ဘုံဘေ ကွင်းမှာခနဆင်းပါမယ်။ အာဖရိကတိုက်ပေါ်က ပျံပါမယ် ပြင်ပလေထု အပူချိန်က ဘယ်လောက်ပါ ဘာညာလောက်တော့ နားလည်လိုက်ပါတယ်။ ကျန်တာတွေတော့ နားမလည် လိုက်ပါဘူး။
လေယာဉ်ပျံပြီး မကြာပါဘူး လေယာဉ်မယ်လေးတွေက လိုအပ်တာ ပျားပန်းခတ်မျှ ဆောင်ရွက်ပေးနေကြပါတယ်။ လေကြောင်းစည်းကမ်းအရ ၄ နာရီပြည့်တိုင်းအစာ တစ်ခါပေးမယ်ဘာညာ ဆိုတာတွေလဲ ဗီဒီယို ဆလိုက်နဲ့ ပြပါတယ်။
ရုပ်ရှင်လဲ ဘာကားတွေပါပါတယ် ဆိုပြီး ဖွင့်ထားပေးပါတယ်။ ချမ်းတတ်ရင် စောင်လဲ တောင်းလို့ ရပါတယ်(တစ်ချို့ သူငယ်ချင်းတွေ အဲဒီစောင်ကလေးတွေယူလာကြပါတယ်၊ အလကားပေးတယ် ထင်လို့လားမသိ)
ထိုင်ခုံမှာကတော့ နားကြပ်က ရုပ်ရှင်က အသံနားထောင်ချင်လဲ ရ၊ အခြားသီးချင်းနားထောင်လို့လဲ ရပါတယ်။ လိုင်း ၁၀ လိုင်း ရွေးနိုင်ပါတယ်၊ ကျနောကတော့ do you really want to hurt me သီချင်းပဲ နားထောင်ခဲ့တယ် ဆိုတာမှတ်မိပါတယ်။
လေယာဉ်မှာ စားသောက်ချိန်ရောက်တော့ ဘာပြောကောင်းမလဲ ခံတွင်းမြိန်ဆေး( appetite) ဆိုပြီး အရက် တောင်းတာပေါ့။ များများရအောင်လို့ မိန်းကလေးတွေပါ တောင်းခိုင်းတယ်လေ။ ပြီးတော့ ဘုန်းပြည့်စုံနဲ့ ၁၉၉၄ ဘီအေဂျီအာအက်စီ တစ်ယောက် အပြိုင်သောက်ကြတာလေ။ အရက်ရှိန်လေးနဲ့ ဆိုတော့ မိုက်ခရိုဝေ့နဲ့ ချက်ထားတဲ့ အသားစိမ်းလို အပြားတွေလဲ စားကောင်းတာပေါ့၊ တစ်ချို့က ဟင် အစိမ်းတွေဆိုပြီး မကြိုက်လေ၊ ကျနော်တို့က ကောင်းပါတယ်ဆိုပြီး ယူစားပစ်လိုက်တယ်။
သူများတွေက လေယာဉ်မူးတာ အော့တာ အန်တာ၊ အစားပျက်တာဖြစ်တယ်။ ကျနော်ကတော့ ဘာမှမဖြစ်တဲ့ အပြင် ပိုတောင်စားကောင်းနေသေးတယ်။(congnac) ကော့ညက်လေး အာနိသင်ဖြစ်မှာပေါ့။ ဘာလို့ ကော့ညက်တွေချည်းမှာတာလဲ ဆိုတော့ အရက်ထဲ မှာ ကော့ညက်က ဈေး အကြီးဆုံးလို့ ကြားဘူးလို့။ အရက်မှာတဲ့ ထိုင်ခုံတွေဆီကို ဝိုင်အနီ လာပေးတယ်။ အဲဒါလဲ စိုက်ပျိုးရေးက တောအရက်သောက်လာတဲ့ ကြွက်တွင်းတွေနဲ့ ဆိုတော့ ပိုလို့ ပြန်ပေးရတဲ့ ခွက်ဆိုတာ မတွေ့မိပါဘူး။
သူငယ်ချင်း မိန်းကလေး တစ်ယောက်ကတော့ ကော်ဖီ ဆိုပြီးမှာသောက်တာ။ မုန့်နဲ့ စားဖို့ ပါလာတဲ့ ငရုတ်ကောင်းမှုန့်တွေပါ ဖျော်ပစ်လိုက်တယ်။ ပြီးတော့ ကော်ဖီက ဘာမှန်းလဲ မသိဘူး၊ မကောင်းဘူးတဲ့။ အမှန်ကတော့ စာမဖတ်ကြည့်ဘဲ ထည့်လိုက်မိတာပေါ့လေ။
ဘုန်းပြည့်စုံတို့ကတော့ သောက်စားပြီးတော့ လေယာဉ်အမြီးပိုင်းသွားပြီး အဲဒီအချိန်က မြန်မာပြည်မှာ အသုံးများတဲ့ အိတ်စပို့ ဒူးယား ကို ဖွာပြီး ဇိမ်ယူတာပေါ့။
ဇိမ်ယူလို့မှ သိပ်မကြာလိုက်ဘူး၊ အသံလေးတွေစကြားရပါတယ်။ ဘာလဲ ဆိုတော့ အိမ်သာက ရေခလုတ် ဘယ်နားမှန်းမသိလို့ နောက်တက်မဲ့သူကို လူကြုံ မှာနေတာပါ။
အရက်ရှိန်၊ ဘီယာအရှိန်နဲ့ ဆိုတော့ အိမ်သာလဲ လက်မလည်ပါဘူး။
ဘုန်းပြည့်စုံကတော့ အရက်ရှိန်လေးနဲ့ ဆိုတော့ ရုပ်ရှင်တောင် ဘာကားပြမှန်း မသိလိုက်ဘူး။ အိပ်နေလို့ မဟုတ်ဘူး စကားပေါနေလို့လေ။
အဲမေ့နေလို့ ဘုံဘေမြို့မှာ တစ်နာရီကြာရပ်နားပါတယ်၊ ဒါပေမဲ့ အောက်ဆင်းခွင့် မရပါဘူး။ ဘုံဘေ ကနေ လေယာဉ်တက်ပြီးမကြာခင်မှာ ဒန်ပေါက်ထမင်း ကျွေးပါတယ်။
တကယ်ကျ လေယာဉ်က တည့်တည့် မျဉ်းဖြောင့်အတိုင်း ပျံရင် ခရီးတိုမှာပါ၊ ဒါပေမဲ တစ်ချို့ နိုင်ငံတွေက အစ္စရေးနဲ့ အဆင်မပြေတော့ အီသီယိုးပီးယားဘက်ကို ပျံပြီးမှ အစ္စရေးနိုင်ငံဘက်ကို ဦးတည်ပျံသန်းပါတယ်၊ ဒေါင့်မှန်တြိဂံ ပုံ ပျံတယ် လို့ ဆိုရမှာပါ။ အားလုံး ဆက်တိုက်ပျံသန်းချိန် ၁၁ နာရီကြာပါတယ်။ နောက်မှ ထပ်ပြီး အစ္စရေးအတွေ့ အကြုံ ထပ်ရေးပါဦးမယ်။ အိပ်ချင်နေပြီလေ။ ဘလော့ပိုင်ရှင်ဆရာလဲ အိပ်သွားပြီ သူမရှိတုန်း မြန်မြန်တင်ထားမှ။ တော်ကြာ ခင်ဗျားတို့ ကော်ဖီထဲ ငရုတ်ကောင်းမှုန့်ထဲ့သောက်တာ ထည့်ရကောင်းလားဆိုပြီး ဆင်ဆာ မိသွားမှာလဲ ကျောက်ရသေးတယ်။

Saturday, August 8, 2009

မဟာသိပ္ပံ၊ ပါရဂူ သင်တန်းတက်နေကြသူများအတွက် စကားလက်ဆောင်။

ညီမလေးသို့ ပေးစာများ - ၁
ညီမလေးရေ မာစတာ ကျောင်းသားဖြစ်စေ၊ ပီအိပ်ခ်ျဒီ ကျောင်းသားဖြစ်စေ ညီမလေးတို့ လေ့လာထားသမျှကို ကောင်းကောင်း မှတ်တမ်းပြုစုထားဖို့လိုပါတယ်။ ပြီးတော့ ကိုယ် လေ့လာထားသမျှကို ဘယ် source က ရယူထားတယ်ဆိုတာလည်း မှတ်သားထားဖို့လည်းလိုတယ်နော်။ ဒါမှ စာတမ်းမှာ ကိုးကား တင်သွင်းဖို့ ခိုင်မာတဲ့ အထောက်အထား အဖြစ် ရရှိမှာ။ အကို့ အနေနှင့် အရင်က စာကြည့်တိုက်နဲ့ အင်တာနက်မှာ ဖတ်ရှုလေ့လာထားသမျှ source တွေမှတ်ဖို့ အားနည်းတာနဲ့ အချို့ အချက်တွေအတွက် အကိုးအကား မစုံမလင် ဖြစ်ခဲ့ရတယ်လေ။ အဲလို မှတ်စုထုတ်ထားတဲ့ ကိုးအကားတွေကိုလည်း တူရာတူရာ စုပြီ အမျိုးအစား ခွဲခြားထားဖို့ လိုပါတယ်။ ဘာလို့ အဲလို ခွဲထားရသလဲ ဆိုတော့ နောင်အဲဒီလို အကြောင်းအရာတူ စာအုပ်တွေကို နှိုင်းယှဉ်လေ့လာဖို့ အတွက် ပဲ ညီမလေးရဲ့။
ညီမလေးအနေနဲ့ စာအုပ် တစ်အုပ်ကို ဖတ်ရင် အစအဆုံးဖတ်စရာ မလိုအပ်ပါဘူး။ ဖတ်သင့် မဖတ်သင့်ဆိုတာ မာတိကာတွေကို လေ့လာခြင်းနဲ့ အကြမ်းဖျင်းခွဲခြားလို့ ရတယ်လေ။ ဒါကြောင့် အချက်အလက် စုတဲ့ နေရာမှာ စာအုပ်အမည်၊ စာရေးသူ၊ ခုနှစ် သာမက စာအုပ်ပါ ကိုယ့်သီးစစ်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပါရှိတယ့် စာမျက်နှာတွေကိုပါ မှတ်သားထားဖို့်လိုတယ်။ အဲလို အကြောင်းအရာတွေကို စုစည်းထားတယ့် စာရင်းတစ်ခုဟာ သုတေသန ပြုစုရာမှာ အင်မတန် အသုံးဝင်ပါတယ်။ ညီမလေးလိုချင်တဲ့ အကြောင်းအရာကို ညီမလေး ဖတ်ရှုလေ့လာခဲ့သမျှ စာအုပ်စာတမ်းတွေမှ ချက်ချင်းရွေးထုတ်ပေးနိုင်ဖို့် အထောက်အကူပေးပါတယ်။ အဲဒီလို အကြောင်းအရာတူ အချက်တစ်ခုကို မတူညီတဲ့ စာတမ်းတွေ၊ စာအုပ်တွေ နှိုင်းယှဉ်ဖတ်ရှုခြင်းဖြင့် ကွဲလွဲခြားနားတဲ့ နည်းနာနိဿယတွေ ကို တိုက်ဆိုင်လေ့လာနိုင်ပြီး ညီမလေးစာတမ်းအတွက် ထိရောက်အောင် အသုံးချနိုင်မည်ဖြစ်တယ်။ အဲဒီအချက်တွေကို ညီမလေးသီးစစ် ပြုစုရာတွင် သာမက သုတေသန လုပ်ငန်းတွေအတွက် အခြေခံစဉ်းစားစရာတွေ၊ လမ်းကြောင်းရွေးချယ်မှုတွေ ပြုလုပ်ဖို့် အင်မတန်အသုံးဝင်ပေတယ်။ စံနစ်တကျ မှတ်စုထုတ်ဖို့က system တစ်ခုလိုတယ် ညီမလေးရဲ့။ ပထမဆုံး...စာအုပ်နာမည်တွေချည်း စုစည်းထားရမည်။ အမျိုးအစားခွဲထားရမည်။ တစ်ခါ စာရေးသူတွေ စာရင်းကိုလည်း ပြုစုထားရမည်။ အဲဒီ စာရင်းတွေနှင့် စာအုပ်ပါ သီးစစ်နှင့် ဆိုင်တဲ့ အကြောင်းအရာတွေကို hyper link ပြုလုပ်ထားရမယ်။ အဲဒီ စံနစ်ကို database system တစ်ခု သုံးပြီး ပြုလုပ်နိုင်ပေမယ့်လည်း သာမာန်အားဖြင့် blog တစ်ခုဖန်တီးခြင်းဖြင့် အလွယ်တကူ လုပ်လို့ရတယ်လေ။ အမျိုးအစား ခွဲခြားဖို့် ပထမဦးဆုံး သီးစစ်တစ်ခုရဲ့ အခြေခံကြောရိုးဖြစ်တဲ့ ညီမလေးသီးစစ်ကို အခန်းဘယ်နှစ်ခန်း ခွပြီး ရေးမယ်၊ အခန်းတစ်ခန်းစီမှာ ဘယ် အကြောင်းအရာတွေ ပါဝင်ရမယ်ဆိုပြီး အကြမ်းဖျင်း သတ်မှတ်ခွဲခြား ထားပြီး ဖြစ်ဖို့်လိုအပ်တယ်။ အဲလို ပိုင်းခြား သတ်မှတ်ဖို့် ညီမလေး စာတမ်းခေါင်းစဉ်နှင့် သက်ဆိုင်တဲ့ ဆင်တူယိုးမှား စာတမ်းဟောင်းတွေကို လေ့လာပြီး ညီမလေးစာတမ်းကြီးကြပ်သူနှင့် တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်ရမယ်။ ခွဲခြားပြီးတဲ့ အခန်းအလိုက် အကြောင်းအရာတွေကို အမျိုးအစား စံနစ်တကျ ထပ်မံခွဲခြားရမည်။ အခန်းတစ်ခုစီမှာ ဘယ် articles တွေ ပါဝင်မည်စတဲ့ အကြမ်းဖျင်း လျာထားချက်တွေဟာ အဲဒီမျိုးအစားတွေရဲ့ အမည်တွေ ဖြစ်လာမယ်လေ။
ဥပမာဆိုရရင် အကို့သီးစစ်ဆိုပါတော့.. အခန်း -၁ မှာ inverterတွေနှင့် control theory တွေကို လေ့လာမည်။ အခန်း-၂ မှာ မော်တာတွေ၏ dynamic state ကို mathematical modelling သုံးကာလေ့လာမယ်။ အခန်း-၃ မှာ မော်တာတွေရဲ့ အပူချိန်တွေကို thermal circuit methods သုံးကာ လေ့လာမယ်။ အခန်း-၄ တွင် inverter-fed special motor design ပြုလုပ်မယ် စသဖြင့် အကြမ်းဖျင်း ပိုင်းခြားသတ်မှတ်ပြီး အခန်း တစ်ခန်းချင်းမှာ ထပ်မံ အသေးစိတ် ခွဲခြားခြင်းဖြင့် types of inverter, motor control methods, harmonic effects, mathematical modeling, steel loss, eddy current effect, .... အစရှိတဲ့ အမျိုးအစားခွဲဖို့် tags တွေ ရရှိလာမှာ ဖြစ်တယ်။ အဲဒီ tags တွေအလိုက် စာအုပ်စာတမ်းတွေကို physically ဖိုင်တွေ၊ ဖိုလ်ဒါတွေသုံးကာ ခွဲခြား ထားရမယ်၊ ကွန်ပြူတာ ထဲမှာလည်း စံနစ်တကျ folder structure တည်ဆောက်ကာ ခွဲခြားထားဖို့ လိုလိမ့်မယ် ညီမလေးရဲ့။ အခု အကိုပြောခဲ့တာ အကြမ်းဖျင်းဖိုင်တွေ စာအုပ်စာတမ်းတွေ စံနစ်တကျ ခွဲခြား စုဆောင်းထားတာ ပထမ အဆင့်ပဲရှိသေးတာ။ ဒီအချက်တွေကို သီးစစ်တစ်စောင် စတင်ပြုစုမည် ကြံကတည်းက အစကနေပြီး အဆုံးထိ လုပ်ဆောင်သွားဖို့် အရမ်းအရေးကြီးတယ်လေ။ စုဆောင်းထားတဲ့ စာအုပ်စာတမ်းတွေကို ဖတ်ရှုလေ့လာပြီး မှတ်စုတွေ ထုတ်ဖို့် ဒုတိယအဆင့်အနေဖြင့် လုပ်ကြရဦးမယ်။ အဲဒီနေရာမှာ မှတ်စုတွေကိုလည်း စာအုပ်စုသလိုပဲ စံနစ်တကျ စုစည်းထားရမည်။ တတ်နိုင်သမျှပြင်ပ စာအုပ်စာတမ်းတွေက သီးစစ်အတွက်အရေးကြီးတဲ့ အချက်အလက်တွေကို scanner နဲ့ ဖတ်သင့်တာဖတ်၊ ဓါတ်ပုံရိုက်သင့်တာရိုက်နဲ့ electronic version တွေ ပြောင်းလဲထားရမယ်။ ဒါမှ တစ်စုတစ်စည်းတည်း စုစည်းလေ့လာနိုင်မှာလေ။ စာအုပ်အများစုကလဲ ကိုယ်ပိုင် ဝယ်ဖို့် မဖြစ်နိုင်တဲ့ကြောင့်လည်း အခုလို လုပ်ဆောင်ထားဖို့် အရေးကြီးတယ်လေ။ ဒါမှ စာတမ်းတင်ပြီး နောက်ပိုင်းကာလတွေအထိ ညီမလေး တစ်သက်လုံး ဆက်ပြီး အသုံးချသွားနိုင်မှာပေါ့။ ဒါ့အပြင် နောက်လာနောက်သားတွေအတွက်လည်း တစ်စုတစ်စည်းတည်း ချန်ရစ်ပေးထားနိုင်မှာ ညီမလေးရဲ့။ စကန်နာ ဖတ်ရင်လဲ စာအုပ် အဖုံး (စာအုပ်အမည်၊ စာရေးသူ၊ ခုနှစ် ပါဝင်ဖို့်) နဲ့ မာတိကာ ကိုပါဖတ်ဖို့ လိုသလို စာအုပ်မှာပါတဲ့ ကျမ်းကိုးစာရင်းကိုပါ စကန်လုပ်ထားရမယ်။ ဒါတွေကို တတ်နိုင်သမျှ နည်းနည်းနှင့် မှန်မှန် ပြုလုပ်သွားရမယ်။ အဲဒီ ကော်ပီတွေထဲမှ ညီမလေးသီးစစ်မှာ ထည့်သုံးလိုတဲ့ အချက်အလက်တစ်ချို့ကို အနှစ်ချုပ်ပုံစံနဲ့ တစ်ခါတည်း ရေးထားဖို့် လုံ့လစိုက်ထုတ်ရမယ်။ ပုံတွေ drawing တွေ ပါနေရင် ညီမလေး ကိုယ်တိုင် ပြင်ဆွဲထားဖို့ရယ်၊ အတွက်အချက်တွေပါရင် တွက်ချက်ပြီး တိုက်ဆိုင် စစ်ဆေးတာတွေ လုပ်ထားဖို့လိုမယ်။ သူများရေးထားတဲ့စာတမ်းတွေ ဖတ်ပြီး တွေ့လာရတဲ့ အချက်တွေ အပြင် အဲဒီစာတမ်းရဲ့ အားသာချက်၊ အားနည်းချက်တွေ၊ အဲဒီ စာတမ်းဖတ်တဲ့အခါ ညီမလေးမှာ ဖြစ်ပေါ်လာတဲ့ စိတ်ကူး၊ အကြံတွေကိုပါ အဲဒီ အနှစ်ချုပ်မှာ ထည့်သွင်းရေးသားထားရမည်။ အဲဒီ စိတ်ကူးစိတ်သန်းတွေဟာ လေ့လာနေတဲ့ အချိန်မှသာ ပေါ်လာတတ်တာဖြစ်လို့ ပေါ်လာတာနဲ့ တစ်ပြိုင်နက် မှတ်သားထားဖို့် အရေးကြီးပါတယ်။ မူရင်း စာအုပ်စာတမ်း၊ မှတ်စု၊ calculation၊ drawing စတာတွေကို တစ်စုတစ်စည်းတည်း ရှိနေအောင် ကြိုးစား စုစည်းထားရမည်။ မှတ်စုထုတ်ပြီး စာအုပ်စာတမ်းတွေနဲ့ မထုတ်ရသေးတဲ့ စာအုပ်စာတမ်းတွေကို သီးသန့် ခွဲခြားထားရမယ်။ ဒီလို လေ့လာရင်း ညီမလေး မသင်ကြားခဲ့ဘူးတဲ့ Theory တွေ Software တွေ Maths တွေ စတဲ့ အခြေခံတွေ လိုအပ်လာရင် သက်ဆိုင်ရာ လက်ချာတွေ သွားရောက် နားထောင်မှတ်သားဖို့် လိုလာပြီပေါ့ ညီမလေးရေ။ တချို့ကို ညီမလေးဘာသာလေ့လာနိုင်သလို ညီမလေးစီနီယာကျောင်းသားတွေ အကူအညီနဲ့လည်း နားလည်အောင် လုပ်ထားရမယ်။ ဒါပေမယ့် အဲဒီအတွက် အချိန်တွေအများကြီး မယူမိဖို့တော့လိုတယ်နော်။ စာအုပ်စာတမ်းနှင့် မှတ်စုတွေ စုစည်းမှုတာကို ဘလောက်တစ်ခုလုပ်ပြီး စုစည်းလို့ ရနိုင်ပါတယ်။ အင်တာနက်မှာ upload တွေ လုပ်ထားပြီး ဘလောက်ကနေ တစ်ဆင့် hyperlink တွေနဲ့ စုစည်းထားနိုင်ပါတယ်။ အဲဒီနည်းနဲ့ မတော်တဆ ကွန်ပျူတာထဲက ဖိုင်တွေ ပျက်သွားခဲ့ရင် backup အနေဖြင့် လည်း ပြန်သုံးလို့ ရတယ်လေ။ အဲဒီ့ အပြင် ညီမလေးမှာ အရေးပေါ် အချက်အလက်တွေ လိုလာရင်လဲ ဘယ် အင်တာနက် ရှိတဲ့ နေရာက မဆို ချက်ချင်း အလွယ်တကူ ရယူနိုင်လို့ အင်မတန်
အသုံးဝင်ပါတယ်။ အချက်အလက်တွေရှာဖွေဖို့် ဘလောက်ကို အသုံးချရင် ပိုမို ထိရောက် မြန်ဆန်တာကို ညီမလေး သတိထားမိလာမှာပါ။ အကိုကတော့ upload လုပ်ဖို့် esnips.com ကို အသုံးများတယ်။ 5Gb upload space ရတာရယ် private, public ဖိုလ်ဒါတွေ ခွဲပြီး ထားလို့ ရတယ်လေ။ အဲဒီ အချက်တွေကို နေ့တိုင်း ညီမလေးအနေနဲ့ ဝီရိယ ထားပြီး၊ အချိန်တစ်ခု သီးသန့်ပေးပြီး ဆောင်ရွက်ဖို့် အရမ်းအရေးကြီးတယ်နော်။ အကောင်းဆုံး အချိန်ကတော့ ညီမလေး တစ်နေ့တာ လေ့လာမှုတွေ ပြီးဆုံးချိန်ပဲပေါ့။ အနည်းဆုံး အကြမ်းဖျင်းတော့ လုပ်ထားဖို့ မပျင်းနဲ့နော် ညီမလေး။ နို့မဟုတ်ရင် ညီမလေးလေ့လာ ထားရတာတွေ မေ့သွားပြီး ဘာမှ မလုပ်ထားတာနဲ့ တူတူပဲ ဖြစ်ရလိမ့်မယ်လေ။ အသေးစိတ် စတင်လေ့လာဖို့် ပထမဆုံး ညီမလေးသီးစစ်ခေါင်းစဉ်နဲ့ ပက်သက်သမျှ စာတမ်းဟောင်းတွေကို
ရနိုင်သမျှ ရှာဖွေစုဆောင်းရမယ်လေ။ အရင်ဆုံးအနေနဲ့ ညီမလေးလက်လှမ်းမီရာ ကျောင်းတွေ၊ စာကြည့်တိုက်တွေမှာ စာတမ်းဟောင်းတွေကို ရှာရမယ်။ ဆရာတွေဆီမှာလည်း ရှိတတ်သမျှ မေးမြန်း ငှားရမ်းရမယ်။ ညီမလေးထက်စီနီယာ ကျောင်းသားတွေဆီမှာလည်း တောင်းယူရမှာပေါ့။ များသောအားဖြင့်
စာကြည့်တိုက်တွေမှာ သီးစစ်တွေ ဖတ်ရုံသာ ဖတ်ခွင့် ရလို့ ညီမလေးက ဓါတ်ပုံရိုက်ယူ၊ လက်ရေးနဲ့ ကူးယူရမယ်လေ။ တွေ့နိုင်သမျှ စာတမ်းတွေရအောင် စုဆောင်းရမယ်။ ကမ္ဘာအနှံ့ ညီမလေး လက်လှမ်းမှီသမျှ အင်တာနက် ကိုသုံးပြီး စုဆောင်းကြရမယ်လေ။ တချို့ တက္ကသိုလ်တွေမှာ စာတမ်းတွေကို ဒေါင်းလုပ် လုပ်ခွင့်ပေးထားပေမယ့် တချို့က စာတမ်းရဲ့ အနှစ်ချုပ်ကိုပဲ ပေးထားတတ်တယ်လေ။ စာတမ်းတွေကို လေ့လာတဲ့ နေရာမှာ သီအိုရီဆိုင်ရာ အချက်အလက်တွေသာမကပဲ အဲဒီစာတမ်းတွေရဲ့ အားနည်းလိုအပ်ချက်တွေ ချို့ယွင်းချက်တွေကို လေ့လာပြီး သင်ခန်းစာယူရမှာ ဖြစ်သလို ကောင်းမွန်တဲ့
အရေးအသား တင်ပြချက်တွေကိုလည်း ညီမလေးအနေနဲ့ မှတ်သား နည်းနာယူရမယ်လေ။ ညီမလေး စာတမ်းဟောင်းတွေကို လေ့လာနေတယ့် အတောအတွင်း လိုအပ်လာရင် အဲဒီစာတမ်းတွေက ညွှန်းဆိုထားတဲ့ စာအုပ်တွေ စာတမ်းတွေကို ထပ်ပြီးရှာဖို့ လိုအပ်တယ်နော်။ အဲဒီလို ညီမလေး လိုတိုင်း ရှာရင်းနဲ့ လိုအပ်တဲ့ စာအုပ်တွေ စုံလာမှာပေါ့။ ဒီလို ရှာရာမှာ ညီမလေး supervisor ရဲ့ အကူအညီယူပြီး ရှာနိုင်ရင် အမြန်ဆုံး စုဆောင်းနိုင်မှာပေါ့။ အဲဒီလို ရလာတဲ့ စာအုပ်တွေကို လေ့လာဖို့ အစအဆုံး အကုန်ဖတ်ဖို့် မလိုပါဘူး ညီမလေးရေ။ စာအုပ်တွေအလိုက် မလေ့လာဘဲ၊ စာအုပ်ပါ ရည်ညွှန်းထားတဲ့ အကြောင်းအရာတွေအလိုက် တိုက်ဆိုင် လေ့လာရမယ်လေ။ ကွဲလွဲချက် တိုက်ဆိုင်ချက်တွေကို မှတ်တမ်းစံနစ်တကျ ပြုစုထားရမည်။ အဲဒီ့ပြင် ဘာကြောင့် ကွဲလွဲရသလဲ ဆိုတယ့် အချက်ကို ညီမလေး supervisor နဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာရမယ်လေ။ အဲဒီ မတူညီတဲ့ နည်းလမ်းတွေရဲ့ ဇစ်မြစ်ကိုလည်း လေ့လာစူးစမ်းရဦးမှာ။ ဒါမှလဲ ညီမလေး ဘယ်လမ်းလိုက်သင့်တယ် ဆိုတဲ့အချက်ကို ရှင်းရှင်းလင်းလင်း
ဆုံးဖြတ်နိုင်မှာဖြစ်ပြီး ပိုကောင်းတဲ့ နည်းလမ်းတွေ ရှာလာနိုင်မှာလေ။ အဲဒီလို လေ့လာခြင်းနဲ့ ညီမလေး supervisor နဲ့ ဆွေးနွေးဖို့် မေးခွန်းတွေ ရလာမှာပေါ့။ ပီအိပ်ခ်ျဒီကျောင်းသားတစ်ယောက် အနေနဲ့ အဓိက လေ့လာမှုက supervisor နဲ့ဆွေးနွေးရတာဖြစ်တဲ့အတွက် ညီမလေးအနေနဲ့ supervisor ကို မေးဖို့် အချက်အချာကျတဲ့ မေးခွန်းတွေ အမြဲ ရှာဖွေထားရမှာဖြစ်ပြီး ညီမလေးဆွေးနွေးခွင့်ရတဲ့အချိန်ကို တန်ဖိုးရှိစွာ အသုံးချရမယ်လေ။ အဲဒီလို နေ့စဉ်လုပ်ထားတဲ့ မှတ်စုတွေကို အပါတ်စဉ် ကျောင်းအားရက်တွေမှာ သုံးသပ်ပြီး အတိုချုပ် အစီရင်ခံစာလိုမျိုး စာတမ်းငယ် ပုံစံနဲ့ စုစည်းရေးသားထားရမယ်။ အဲဒီစာတမ်းငယ်လေးတွေစုစည်းပြီး နောင်အခါ ညီမလေးလုပ်ရမယ့် ဆောင်းပါးတွေ၊ ကွန်ဖရင့်တွေမှာ ထိထိရောက်ရောက် အသုံးချနိုင်မှာ ဖြစ်ပြီး နောက်ဆုံး သီးစစ်မှာလဲ ဆက်သုံးရမှာ ဖြစ်လို့ ကျစ်ကျစ်လစ်လစ်ထိထိမိမိလေး လေ့ကျင့်ရေးသားထားဖို့်လိုတယ်နော်။ အဲဒီလို ရေးသားထားသမျှကို နောက်တစ်ပတ် ဆရာ့ကို အစီရင်ခံစာအဖြစ်တင်ပြပြီး ညီမလေးရဲ့ သုံးသပ်ချက်တွေ၊ အယူအဆတွေ၊ တွက်ချက်မှုတွေ မှန်ကန်မှု ရှိမရှိ၊ စာအရေးအသား၊ သတ်ပုံမှအစ မှတ်ကျောက်အတင် ခံရမယ်လေ။ ဒါမှ ညီမလေးလုပ်ထားသမျှ ခရီးရောက်မှုကို ဆရာက အမှန်အတိုင်းသိပြီး လမ်းညွှန်တည့်မတ်ပေးနိုင်မှာဖြစ်သလို အမှားကင်းတဲ့ စာတမ်းငယ်လေးတစ်စောင်လည်း ညီမလေး အပါတ်စဉ် ရလာမှာပေါ့။ ညီမလေးကို နောက်ဆုံးမှာချင်တာက ပီအိပ်ခ်ျဒီ ကျောင်းသားတစ်ယောက်အနေနှင့်
အပေါ်က အကြံပေးခဲ့တဲ့ အချက်တွေကို သာမကပဲ စာလုပ်ဖေါ် သူငယ်ချင်းတွေ ထားရှိဖို့်၊ အဖွဲ့ငယ်တွေနဲ့ ပရောဂျက်တွေ ခွဲဝေ လုပ်ဆောင်တတ်ဖို့် အရေးတကြီးမှာချင်ပါတယ်။ ဒါမှလဲ ညီမလေး သုတေသန လုပ်ငန်းတွေကို ထိရောက် မြန်ဆန်စွာနဲ့ လုပ်ဆောင်နိုင်မယ်လို့ အကိုမှာချင်ပါတယ်။ ညီမလေးရဲ့ ခိုင်မာထက်သန်တဲ့ ဇွဲ နဲ့ ယုံကြည်ချက်မှာ အကို ပေးတဲ့ နည်းလမ်းတွေ ထပ်ပေါင်းလိုက်ရင် နောင်တစ်ချိန်မှာ ညီမလေးဟာ အရည်သွေးပြည့်ဝတဲ့၊ အကို့ထက် အဆပေါင်းများစွာ ပိုတော်တဲ့ ပီအိပ်ခ်ျဒီဘွဲ့ရ ဒေါက်တာ တစ်ယောက်ဖြစ်လာမယ်လို့ ကိုယုံကြည်မိပါတယ်ကွယ်။
ဘလူးဖီးနစ်
(C2Y မေးထဲက ကိုမြင်နိုင်ရဲ့ ဖေါဝပ်ဒီးလေးကြိုက်လို့ ကော်ပီယူပြီတင်လိုက်မိတာ။)

ပြည်ပခရီး

နိုင်ငံခြားကို မသွားခင် ကျနော် ဘယ်လို အစိုးရဝန်းထမ်း ဖြစ်လာတယ် ဆိုတာလေး စပြောချင်ပါတယ်။
ကျနော်က စိုက်ပျိုးရေးတက္ကသိုလ်ကို ၁၉၈၅ ခုနှစ်မှာ စတက်ခဲ့ပါတယ်၊ ဝါသနာပါလို့တော့ မဟုတ်ပါဘူး အဲဒီခေတ်က ၁၀ တန်း စာမေးပွဲ ရမှတ် အရ စိုက်ပျိုးရေးတက္ကသိုလ်ပဲ တက်ခွင့်ရခဲ့လို့ပါ။ အဲဒီလိုတက်ရင်းနဲ့ ပဲ အကြောင်းအမျိုးမျိုးနဲ့ ၁၉၉၃ မှာ ဘီအေဂျီ (B.Ag)ဆိုတဲ့ ဘွဲ့လက်မှတ် ရခဲ့ပါတယ်။ မှတ်မှတ်ရရ ဘီအေဂျီ နောက်ဆုံးအသုတ်ပါ။ ကျနော် နောက်နှစ်မှာ အောင်တဲ့သူတွေက ဘီအေဂျီအာ အက်စီ (B.Agr.SC)ဆိုတဲ့ ဘွဲ့ ချီးမြှင့် ခံကြရပါတယ်။
ကျောင်းပြီးသွားပြီး ယောင်ချာချာနဲ့ မိဘဆီက ပိုက်ဆံလက်ဖြန့်တောင်းပြီး လက်ဖက်ရည်ဆိုင်ထိုင် အချိန်ဖြုန်းကောင်းနေတုန်း စိုက်ပျိုးရေးဌာနက စာတစ်စောင် စာတိုက်ကတစ်ဆင့် ရောက်လာပါတယ်။
စာထဲ ပါတဲ့ အကြောင်းအရာကတော့ အောက်ဖော်ပြပါ အလုပ်လျောက်ထားသူများကို လူတွေ့စစ်ဆေးရန် ရန်ကုန်မြို့(စိုက်ပျိုးရေး ရုံးချုပ်) သို့ လာရောက်သတင်းပို့ရန် ဘာညာပေါ့။ ကျနော်လဲ အံ့သြခြင်းများစွာနဲ့ (လျောက်လွှာ ဘယ်ကိုမှမတင်ဘူးလို့) ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ မြို့တော်ရန်ကုန်ကို အမြန်ရထားနဲ့ ချီတက်သွားပါတယ်။
ဒီလိုနဲ့ အင်တာဗျုးဆိုတာကို ဝင်ဖြေပြီး အလုပ်ခန့်လိုက်ပါတယ်။ အဲဒီမှာ ကြားဖြတ်ပြောချင်တာတစ်ခုက အင်တာဗျုးစာရင်းမှာ မပါတဲ့ သူတစ်ယောက် ထပ်တိုးပြီးပါလာပါတယ်၊ သူမက စာရင်းရဲ့ နောက်ဆုံးနေရာ ရဲ့ ရှေ့နားလေးက ပါလာတာပါ။ အဲဒီမှာ တကယ်အင်တာဗျုး ဝင်ခဲ့တဲ့ အမျိုးသမီး တစ်ယောက် က မခံမရပ်နိုင် ဖြစ်ပြီး နောက်ပိုင်းမှာ ဌာန ပြောင်းရွှေ့သွားပါတယ်။ အခုအချိန်မှာ အားလုံးက သက်ရှိထင်ရှားရှိနေကြတာမို့ နာမည်တွေကိုတော့ ချန်ထားခဲ့ပါရစေ။(အားလုံးက သူငယ်ချင်းတွေချည်းပါပဲ ဘယ်သူသာတယ် ဘယ်သူနာတယ် ပြောစရာမရှိပါဘူး၊ ဌာနပြောင်းသွားတဲ့ သူငယ်ချင်းက အခုအချိန်မှာ လ/ထ ညွှန်ကြားရေးမှုး ရာထူးမျိုးနဲ့ နိုင်ငံရပ်ခြားမှာ ပါရဂူဘွဲ့ သင်တန်းတက်နေပါတယ်။ သူငယ်ချင်းရဲ့ မှန်တာကို သင့်တော်သလို တုန့်ပြန်မှု အတွက် ချီးကျုးပါရစေ)
ဒီလိုနဲ့ပဲ မအူမလည် ကျေးရွာအုပ်စု၊မန်နေဂျာ ဆိုတဲ့ လက်ထောက်ကြီးကြပ်ရေးမှုး ရာထူးနဲ့ စိုက်ပျိုးရေး ဌာနမှာ စတင် အမှုထမ်းခဲ့ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းက မြို့ကြီးတစ်မြို့ အနီး မိုင် ၃၀ လောက်က ရွာတစ်ရွာမှာ ပထမဆုံး စတင် သတင်းပို့ပြီး ဝန်ထမ်းဘဝ စပါတော့တယ်။
ဝန်းထမ်းဘဝ စပြီး သိပ်မကြာ(တစ်နှစ်ခန့်)ခင်မှာပဲ၊ အပူပိုင်းဒေသ ဟင်းသီးဟင်းရွက် ထုတ်လုပ်ရေးသင်တန်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒုတိယ အကြိမ်မြောက်သင်တန်းသား ပို့ခြင်းအစီအစဉ်မှာ ကျနော် ပါခဲ့ပါတယ်။ ပထမ အကြိမ်က ၁၅ ဦးပါ၊ ဒုတိယ အကြိမ်မှာကျတော့ စုစုပေါင်း ၄၀ ပါ။ ကျနော်က ၄၀ ထဲမှာ တစ်ယောက်ပါ။
အဲဒီသင်တန်းရဲ့ ဇာတ်လမ်းအစကတော့ အလုပ်သမားရုံး(ကျနော်တို့ ဘွဲ့ရ အလုပ်လက်မဲ့ တွေ အလုပ်သမားမှတ်ပုံတင်ရတဲ့ ရုံး) က အရာရှိများက ၁၉၉၀ ခုနှစ်များ အတွင်းမှာ အစ္စရေးနိုင်ငံ အာရာဗာဒေသဖွံ့ဖြိုးရေး co.ltd., နဲ့ သဘောတူထားတဲ့ မြန်မာနိုင်ငံကနေ လုပ်သားတင်ပို့ဘို့ ကိစ္စကို ကျနော်တို့ ဌာနက တာဝန် ဝင်ယူပေးလိုက်တာပါ။
အစ္စရေးနိုင်ငံ လုပ်သားတွေက ဒေသအလိုက်ခွဲပြီးခိုင်းပါတယ်၊ ဥပမာ တောင်အာဖရိက နိုင်ငံတွေက လူတွေကို ဆောက်လုပ်ရေးလုပ်ငန်း၊ အာရှက လူတွေကို စိုက်ပျိုးရေးလုပ်ငန်း များမှာ နေရာချ ခိုင်းစေပါတယ်။
နောက်ဆက်တွဲ အနေနဲ့ရလဒ်ကတော့ ကျနော်တို့ရဲ့ နိုင်ငံကူးလက်မှတ်မှာ ပညာတော်သင်(state scholar) ဆိုပြီး အစ္စရေးကို အလုပ်သွားလုပ်ခွင့်ဆိုတဲ့ အခွင့်အရေး ရခဲ့ပါတယ်။

လေကြောင်းခရီးသွားခြင်း တစ်စေ့ တစ်စောင်း

ကျွန်တော်က လယ်သမားမိသားစု က ဆင်းသက်ပြီး စိုက်ပျိုးရေး တက္ကသိုလ် တက်ခဲ့ဘူးတဲ့ တောသားအစစ်ဗျ၊ ငယ်ငယ်က လေယာဉ်ပျံ ဆိုတာ သိပ် စီးချင်တာ၊ လေယာဉ်ပျံ ကို ကောင်းကင်မှာတွေ့ရင် လိုက်ကြည့်တာ မျက်စိတစ်ဆုံးပဲ၊ ခရီးဝေးသွားရင် လေယာဉ်နဲ့ သွားရတယ် ဆိုတာတော့ သိတယ်၊ ဒါပေမဲ့ ကိုယ့်စရိတ်နဲ့က ပြည်တွင်းတင် ကိုပဲ လေယာဉ်နဲ့ သွားစရာ လမ်းမရှိဘူး။
ကံအားလျော်စွာ ကံအလွန်အင်မတန်ကောင်းပြီး ပြည်ပ သွားစရာ ကြုံတော့ ဘယ်သူ့ ကို အသေးစိတ်မေးရမှန်း မသိဘူး။ ဒါပေမဲ့လဲ ဖြစ်သွားတာပါပဲ။
ပထမဆုံး ပြည်တွင်းခရီး အကြောင်းလေး စပြောပြပါမယ်။
လေယာဉ်ကို ပြည်တွင်းခရီးအတွက် က အောက်ပါ အချက်လေးတွေ သိဘို့လိုပါတယ်။
- (၁) အမျိုးသားမှတ်ပုံတင် (သို့) နိုင်ငံသား စိစစ်ရေးကတ်(ဒီအချက်က ပြသနာ သိပ်မရှိဘူး)
- (၂) လေယာဉ် လက်မှတ် (ကြိုတင်ပြီး ဝယ်ထားရပါတယ်၊ ခရီးစဉ် လိုက်ပြီး ဈေးနှုန်းနဲ့ ဦးစားပေး အစီအစဉ်တွေ ရှိပါတယ်- လက်မှတ်ရထားလို့ ဆိုပြီး အဲဒီနေ့ အဲဒီအချိန် သွားခွင့် ရမယ် လို့ သာမန်အားဖြင့် မသေချာပါဘူး၊ လေယာဉ် ထွက်ခါနီးမှ ဆွဲချခံရတာ ရှိနိုင်ပါတယ်။ အဲဒါအတွက်လဲ ကြိုတင် ခန့်မှန်းထားဘို့ လိုပါတယ်)
- (၃)လေယာဉ် လက်မှတ်ဝယ်ထားပြီးရင် လေဆိပ်ကို သတ်မှတ်ချိန်(check in) မှာ ကွင်းကိုရောက်ပြီး သတင်းပို့ဘို့ လိုပါတယ်။
- (၄) သတင်းပို့ပြီးရင် လေယာဉ်ပေါ် တက်ခွင့်လက်မှတ်(boarding pass) တစ်စောင် ထုတ်ပေးပါတယ်၊ အဲဒါပြနိုင်မှ လေယာဉ်ပေါ် တက်ခွင့်ရမှာပါ၊
- (၅) လူဝင်မှု၊ အကောက်ခွန်၊ လုံခြုံရေး စတာတွေ ဖြတ်ကျော်ပြီးရင် ခရီးသွားမဲ့ သူတွေပဲ ထိုင်ခွင့်ရတဲ့ အခန်းမှာ ထိုင်စောင့် ပြီး လေယာဉ်ပေါ် တက်ဘို့ (ဝေးရင် ဘတ်စကား၊ နီးရင် ချေလျင်) အဆင်သင့်ပါဘဲ။
ပြီးရင်တော့ လေယာဉ်ပေါ်တက်ပြီး ခရီးစတင်ပါပြီ။
နဲနဲ ပြောဘို့ ကျန်သွားတာက ဝန်စည်စလယ် ကိစ္စ၊
သူက ၂ မျိုးရှိပါတယ်၊ လက်ဆွဲတန်ဆာ(hand carry) နဲ့ ဝန်စည်စလွယ်(luggage)
အဲဒီ ၂ မျိုးမှာ လဲ သူ့ စည်းကမ်းလေးတွေ ရှိပါတယ်၊ လက်ဆွဲမှာ ဘာတွေ မယူရဘူး၊ ဝန်စည်စလယ် က အလေးချိန် ဘယ်လောက်ထက် မပိုရဘူး ဆိုတာတွေပါ၊ လေယာဉ်စ ဘီးလှိမ့်ပြီ ဆိုရင် ထိုင်ခုံ ခါးပတ်ပတ်ထားဘို့ နဲ့ ဆေးလိပ်မီးညှိမ်းထားဘို့ သတိပေးပါတယ်။ ထိုင်ခုံခါးပတ် မပတ်တတ်ရင်လဲ ကိစ္စ မရှိပါဘူး၊ လေယာဉ်မယ် ချောချောလေးတွေက ကူညီပေးပါလိမ့်မယ်။ ကိုယ်ကတော့ သူတို့ကို ဘယ်လိုခေါ်ရမယ် ဆိုတာသိဘို့ လိုတယ်လေ။ ခေါင်းပေါ်တည့်တည့်က စာကြည့်မီးလေးတွေနဲ့ လေအေးပေါက် ဘေးက ခလုပ်ကလေးနှိပ်လိုက်ရင် အပြေးရောက်လာမှာပါ။ လေယာဉ်က အတက်အဆင်းမှာ လေယာဉ်အတွင်းလေဖိအားပြောင်းတဲ့ဒဏ် သက်သာဘို့ အတွက် သကြားလုံးလေးတွေ ဝေပေးလေ့ ရှိပါတယ်၊ မိမိလိုသလောက် ယူလိုက်ယုံပါပဲ။ လေယာဉ်ပျံ လေဟုန်စီးပြီး ပျံသန်းနေချိန်မှာတော့ အဆာပြေ ကော်ဖီ၊ မုန့်၊ ရေ စတာတွေကို အခမဲ့ တိုက်ကျွေးလေ့ ရှိပါတယ်။ ကျနော်လဲ နောက်မှ သိတာ အလကားကျွေးမှန်း။ ပိုက်ဆံ ပေးရမယ် မှတ်လို့ မစားရဲခဲ့ဘူး။(တိုးတိုးနော် လူကြားရင် ရှက်စရာကြီး)
လေယာဉ်က သတ်မှတ်ခရီးစဉ် ရောက်ခါနီးရင် ကြိုတင် ကျေညာပေးပါတယ်၊ "ကျေးဇူးပြု၍ နားဆင်ပါရှင်-ကျမတို့ ခရီးစဉ်အမှတ် ဘယ်လောက် ဘယ်လောက် လေယာဉ်ဟာ၊ ဘယ်မြို့ကို ဘယ်အချိန်မှာ ဆင်းသက်ပါတော့မယ်။ ခရီးသည်များ မိမိတို့ထိုင်ခုံခါးပတ်များ ပတ်ထားကြပါရန်နဲ့ ဆေးလိပ်မီးများ ညိမ်းသတ် ထားကြပါရန် ပန်ကြားအပ်ပါတယ်၊ ကျေးဇူးတင်ပါတယ်ရှင်" ဆိုတဲ့ အသံနဲ့ အတူ မကြာခင်မှာ လိုရာခရီးရောက်ပါပြီ။ လေယာဉ်ပေါ်က ဆင်းပြီးရင်တော့ ပြသနာ သိပ်မရှိပါဘူး၊ သူများလုပ်သလို လိုက်လုပ်လိုက်ရင် အဆင်ပြေပါတယ်။ ကိုယ့် ပစ္စည်းကို ရွေ့လျားနေတဲ့ စက်ခါးပတ်(Conveyer Belt)မှာ သွားကြည့်ပြီး တွေ့ရင် ကောက်ယူပြီး အပြင်ထွက်သွားယုံပါပဲ။ ပစ္စည်းပါမလာရင်တော့ ပြသနာနဲနဲ ရှိတယ် ဘုန်းပြည့်စုံ ကတော့ ကံကောင်းတော့ မကြုံဘူးသေးဘူး။
ဒါလောက်ဆို ဖတ်ရတာ ပျင်းနေလောက်ပါပြီ နောက်တစ်ခေါက်ကျမှ ထပ်ရေးဦးမယ်လေ။